(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ — ဂုဏ်ပြု ရင်တွင်းစကား
လူမျိုးနှင့် နိုင်ငံ ခွဲခြားတတ်ရမည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားဖြစ်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၁)တုန်းက၊ သို့သော် ချင်းလူမျိုးဖြစ်တာ နှစ်ပေါင်း ထောင်စုနှစ်ကတည်းကဖြစ်တယ်။ ချင်းပြည်နယ်မှာ တို့တွေ အခြေချနေထိုင်တာတောင် နှစ်ပေါင်း ၇၀၀ ကျော်ပြီ။ ဒါကြောင့် နိုင်ငံကိုလည်း ချစ်ပါ၊ သို့သော် ဘုရားနှင့် ကိုယ့်အမျိုးသားရေးကို အမြဲနံပါတ်(၁)ထားပါ။
ချင်းလူမျိုးများဟာ ကမ္ဘာတစ်ဝှမ်းမှာ (၂)သန်းကျော်ပြန့်နှံ့နေထိုင်ပါတယ်။ မြန်မာနိုင်ငံမှာတင် (၁)သန်းခွဲနီးပါးရှိပါတယ်။ ဗမာ၊ ရှမ်း၊ ကရင်၊ ရခိုင်ပြီးရင် ဒီနိုင်ငံမှာ ပဉ္စမမြှောက် လူဦးရေအများဆုံးစာရင်းမှာ ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း (၅၀)ခန့်မှာ ဖြန့်ကျက်နေထိုင်သောကြောင့် ပညာရေးနှင့် အဘက်ဘက်မှာ အားသာချက်အများအပြားရှိပါပြီ။ မြေပေါ်မြေအောက်သယံဇာတလည်း ပေါများပါတယ် (တစ်ချို့တွေမသိလို့ပါ)။ ဘာမှ အားငယ်စရာမရှိပါဘူး။
သို့သော်… လက်ရှိတွင် နည်းမျိုးစုံဖြင့် ၀ါးမျိုခြင်းခံရပြီ။ ဘာသာစကား၊ စာပေ၊ လူဦးရေ၊ နယ်နိမိတ်အားဖြင့် တိမ်ကောခြင်းခံရတယ်။ လွန်ခဲ့တဲ့ ၁၉၃၀ ခုနှစ်ကတည်းက ယနေ့အထိ ချင်းလူမျိုး သိန်းဂဏန်းဖြင့် ဗမာတောထဲမှာ ပျေက်ကွယ်သွားရပြီ။ အခုလည်း ကျွန်တော်တို့ပြည်နယ်မှာ ၁၀%ခန့်က သူစိမ်းဖြစ်လာပြီ။ ဒီတိုင်းဆိုရင် သေချာပါတယ်၊ လာမည့်နှစ်ပေါင်း ၃၀ မှာ ချင်းလူမျိုးတွေ ချင်းပြည်နယ်မှာ ဧည့်သည်ဖြစ်သွားမယ်။ အရေးထဲက ပလက်ဝဘက်မှာ ချင်းအိုး ယိုပေါက်နေပြန်တယ်။ AA ကနေ အဖောက်ခံရတယ်။ အလားတူ တွန်းဇံမြို့နယ်မှာ အိုးဖုံး ပေါက်ပြန်တယ်။ ကသည်းသူပုန်တွေ အခြေချ၊ ဘိန်းစိုက်။
ဒါကြောင့် အမျိုးသားအကျိုးစီးပွား ကာကွယ်ဖို့လိုလာပြီ။ ဘယ်လူမျိုးခြား၊ ဘာသာခြားမှ မမုန်းရဘူး၊ ကိုယ့်ကိုယ်ကို ကာကွယ်ရုံသက်သက်ပါ။ ဒါကြောင့် ချင်းအမျိုးသား တည်ဆောက်ချိန်တန်ပြီ။ ရခိုင်၊ ရှမ်း၊ မွန်တို့က ဘုရင်စနစ်အထိတောင် တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အခုချိန်အထိ ကြံ့ကြံ့ခံနိုင်ရည်ရှိတယ်။
ကျွန်တော်က နည်းနည်းကံဆိုးတယ်ပြောရမလားပဲ၊ ပဒေသရစ်စနစ်ကနေ မရုန်းထွက်မီ အင်္ဂလိပ် ကျွန်ဘ၀မှာ နှစ်ပေါင်း(၅၀)ကျော်၊ ဗမာအောက်မှာ (၇၀)ကျော်– ယနေ့အထိ၊ နှစ်ပေါင်း ၁၂၀ လုံးလုံး ကိုယ်ပိုင်ပြဋ္ဌန်းခွင့်(self-determination) မရှိဘူးဖြစ်နေတယ်။ လမစေ့မွေးတဲ့ကလေး လိုဖြစ်နေပြီ။ Globalization နှင့် နည်းမျိုးစုံ ၀ါးမျိုမှုတွေကြောင့် ၂၁ရာစုကို ကြံ့ကြံ့ခံနိုင်ဖို့ မလွယ်တော့ပေ။ ဒါကြောင့် ယခုလက်ရှိကျွန်တော်တို့ မျိုးဆက်ဟာ ချင်းအမျိုးသား တည်ဆောက်ရေး(Chin Nation-Building) အတွက် အကောင်းဆုံးအချိန်နှင့် နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်။
သူများ၊ ရခိုင်၊ ကချင်၊ ရှမ်းတွေဆိုရင် Federal မပြောနဲ့ Confederation အဆင့်၊ လွတ်လပ်ရေးတောင်အော်နေပြီ။ ဒါကြောင့်၊ ပြည်မကနေ နှာဖားကြိုးကိုင်ထားခြင်းခံရတဲ့ သူတွေက ဦးဆောင်တဲ့ နည်းလမ်းနဲ့ ချင်းအမျိုးသားတည်ဆောက်ရေး ဆောက်ရွက်လို့မရတော့မှန်း သဘောပေါက်ချိန်တန်ပြီ။ ရင်နာစရာကောင်းမှန်း သိဖို့လိုလာပြီ။ လမ်း၊ ကျောင်း၊ ဆေးရုံ၊ မီး အဆင့်နိုင်ငံရေးကို ကျော်လွှားရတော့မည်။
အမြင့်မားဆုံးသော စိန်ခေါ်မှုထဲ ကျရောက်လာသည့်အတွက် မျိုးချစ်စိတ်/အမျိုးသားရေးစိတ်ဓတ်ကို အမြင့်ဆုံးမီတာသို့ မြှင့်တင်ကြပါစို့။
By: Salai Ceu Bik Thawng – Chin National League for Democracy (CNLD)